သင့်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်ကစပြီး သင်နဲ့ သင့်ချစ်သူဟာ ငွေကိုဘယ်လိုစီမံပြီး သုံးစွဲသွားကြမယ်၊
ဘယ်သူတွေက အိုခွက်ပန်းကန်တွေ ဆေးကြောသန့်စင်ဖို့တာဝန်ယူမယ်၊ ကလေးတွေ လိုအပ်မယ်၊ မလိုအပ်ဘူး စတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြပြီးဖြစ်မှာပါ။ ဒါပေမယ့် လက်မထပ်ခင်မှာ သင်မမေးခဲ့တဲ့ မေးသင့်တဲ့မေးခွန်း ၅ ခုရှိတယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၁။ အားလပ်ရက်တွေကို အတူဘယ်လိုဖြတ်သန်းကြမလဲ။
မင်္ဂလာဆောင်ပြီး အချိန်ရောက်မှ အားလပ်ရက်အစီအစဉ်အတွက် ဆွေးနွေးရင် လင်မယားနှစ်ဦးကြားကတောက်ကဆဖြစ်နိုင်ပြီး မလိုလားအပ်တဲ့ဆက်ဆံရေးအဖုအထစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ ဟန်းနီးမွန်းဘယ်ကိုသွားမယ်၊ အားလပ်ရက်မှာ ဘာတွေလုပ်ကြမယ်ဆိုတာကို မင်္ဂလာမဆောင်ခင်ကတည်းက နှစ်ဦးသဘောတူဆွေးနွေးဆုံးဖြတ်ထားကြရမှာပါ။
၂။ အလုပ်နေရာပြောင်းဖို့ ဆန္ဒရှိသလား။
နောင်အခါ ရရှိလာမယ့် သားသမီးတွေကို ဘယ်လိုနေရာတွေမှာ ပြုစုပျိုးထောင်ချင်ပါသလဲ။ သင်မျှော်လင့် အိပ်မက်နေတဲ့အလုပ်အတွက် အခွင့်အရေးရှိတဲ့နေရာဒသတွေကို သင့်အမျိုးသားကလိုက်ပါပေးနိုင်မလားဆိုတာကို ကြိုတင်မေးမြန်းဆွေးနွေးခြင်းမရှိရင် နောင်မှပြဿနာအကြီးအကျယ်တက်သွားနိုင်တယ်လို့ စိတ်ပညာရှင်တစ်ချို့က အကြံပေးထားပါတယ်။
၃။ လက်ထပ်လက်စွပ်ကို တစ်ချိန်လုံး ဝတ်ထားရမလား (သို့) ချွတ်ထားလိုက်ဖို့ အဆင်ပြေမလား။
လက်ထပ်လက်စွပ်ကို တစ်ချိန်လုံး ဝတ်စေချင်ကြပါတယ်။ ဒါပေမယ့် အားကစားတွေလုပ်တဲ့အခါ ဝတ်ထားဖို့ဆိုတာ အဆင်မပြေပြန်ပါဘူး။ တစ်ခါတလေ လက်ထပ်လက်စွပ် ချွတ်ထားမှပဲ အဆင်ပြေမယ့် အချိန်၊ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေမှာ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုမပျက်စေဖို့ ကြိုတင်တိုင်ပင်ထားကြရမှာပါ။
၎။ အဆက်ဟောင်းတွေရှိခဲ့ရင် ဘယ်လိုစီစဉ်ကြမလဲ။
အဆက်ဟောင်းတွေကို မင်္ဂလာာပွဲကို ဖိတ်ကြမလား ၊ အဆက်ဟောင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရမယ်ဆိုတာတွေကို အတူတူကြိုတင်ဆွေးနွေးထားသင့်ပါတယ်။ ဒါကိုမဆွေးနွေးထားရင် နောင်အခါ အဆက်ဟောင်းကိစ္စတွေက လင်မယားကြားမှာ ပြဿနာမီးမွေးနိုင်ပါတယ်။
၅။ ဘဝနေထိုင်မှုပုံစံတွေကို အတတ်နိုင်ဆုံး ညှိနိုင်ကြမလား။
မင်္ဂလာဆောင်ပြီးချိန်မှာ ဘယ်မှာနေမယ်၊ တိုက်ခန်းမှာနေမလား၊ လုံးချင်း (သို့) ပျဉ်ထောင်အိမ်နဲ့ပဲ နေချင်သလား၊ မြို့ထဲမှာ နေမလား၊ မြို့ပြင်ဘက်မှာ အေးအေးဆေးဆေးနေချင်သလား ဆိုတာတွေကို ဆွေးနွေးထားရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် နေချင်တဲ့ဘဝနေထိုင်မှုပုံစံမတူရင် အတတ်နိုင်ဆုံး ညှိကြရမှာပါ။ ညှိနိုင်ရင်တော့ နှစ်ဦးလုံးကိုယ်ကြည်ဖြူတဲ့ ဘဝနေထိုင်မှုထဲမှာ အတူပျော်နိုင်ကြမှာဖြစ်ပါတယ်။